Soul Eater နဲ့ Fire Force ရဲ့ ဖန်တီးရှင် Atsushi Ohkubo ရဲ့ လက်ထောက်ဟောင်း Kei Urana ရဲ့ Gachiakuta ဟာ ပုံဆွဲဟန် ထူးခြားမှု၊ graffiti အနုပညာဟန် (graffiti designer Hideyoshi Andou ပူးပေါင်း) ကြောင့် ထုတ်ဝေလာကတည်းက manga လောကမှာ စကားစမြည် အများဆုံး စီးရီးသစ်တွေထဲ ပါဝင်ပြီး ၂၀၂၅ မှာ anime အဖြစ် ထုတ်လွှင့်ခဲ့ပါတယ်။

ဒီကမ္ဘာမှာ ချမ်းသာတဲ့ မြို့ပြ လူတန်းစားတွေဟာ ကြမ်းပြင်ပေါ်က “ကောင်းကင်မြို့” မှာ နေထိုင်ပြီး အမှိုက်တွေနဲ့ ရာဇဝတ်ကောင်တွေကို အောက်က အဆုံးမရှိ ချောက်ကြီး — the Abyss — ထဲကို ပစ်ချတတ်ပါတယ်။ ဇာတ်လိုက် Rudo ဟာ ဖယ်ကျဉ်ခံ ဆင်းရဲသား ရပ်ကွက်မှာ မွေးစားဖခင် Regto နဲ့ နေထိုင်ရင်း လူတွေ ပစ်ထားတဲ့ ပစ္စည်းတွေကို ကောက်ပြီး တန်ဖိုးထားတတ်တဲ့ ကောင်လေးပါ။
တစ်နေ့မှာ Regto ကို တစ်စုံတစ်ယောက်က သတ်ဖြတ်သွားပြီး Rudo ကို လူသတ်သမားအဖြစ် မတရား စွပ်စွဲကာ Abyss ထဲ ပစ်ချလိုက်ပါတယ်။ လူတွေ ပြန်မလာနိုင်ဘူးလို့ ယုံကြည်ထားတဲ့ အဲဒီ အမှိုက်ကမ္ဘာထဲမှာ အမှိုက်တွေကနေ ပေါက်ဖွားလာတဲ့ ကြောက်စရာ ဘီလူးတွေ ရှိနေပါတယ်။ Rudo ဟာ ပစ္စည်းတွေကို တန်ဖိုးထားတတ်တဲ့ စိတ်ကြောင့် အမှိုက်ကို လက်နက်အဖြစ် ပြောင်းနိုင်တဲ့ “Giver” စွမ်းအားကို နိုးထလာပြီး ဘီလူးတွေကို သုတ်သင်တဲ့ Cleaners အဖွဲ့နဲ့ ဆုံတွေ့ပါတယ်။ သူ့ရဲ့ ပန်းတိုင်က ကောင်းကင်မြို့ကို ပြန်တက်ပြီး လက်စားချေဖို့ပါ။

Gachiakuta ရဲ့ အကြီးမားဆုံး ဆွဲဆောင်မှုက စာမျက်နှာတိုင်း ခုန်ထွက်လာမတတ် ရှိတဲ့ ပုံဆွဲဟန်ပါ — အမှိုက်ပုံ ရှုခင်းတွေ၊ graffiti စာလုံးတွေ၊ တိုက်ပွဲ panel တွေက လမ်းဘေးအနုပညာလို ရိုင်းစိုင်းပြီး လှပပါတယ်။ လူ့အဖွဲ့အစည်းက “အသုံးမဝင်ဘူး” လို့ ပစ်ပယ်တဲ့ ပစ္စည်းတွေ၊ လူတွေရဲ့ တန်ဖိုးအကြောင်း လေးနက်တဲ့ အတွေးကိုလည်း ထည့်ထားပါတယ်။ အကြမ်းဖက်မှု အချို့ ပါဝင်ပါတယ်။
Fire Force၊ Chainsaw Man၊ Kagurabachi လို ခေတ်ပေါ် action manga ကြိုက်သူ၊ လမ်းဘေးအနုပညာနဲ့ ဒီဇိုင်းကို ချစ်သူတွေအတွက် ဒီစာအုပ်ဟာ စောစောစီးစီး စုဆောင်းထားသင့်တဲ့ စီးရီးပါ။
Junction City စတုတ္ထထပ် · 09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀