အင်္ဂလိပ်စာ လေ့လာဖူးသူ ဆယ်ယောက်ကို မေးကြည့်ရင် ဒီစာအုပ်ကို မမြင်ဖူးသူ ရှားပါလိမ့်မယ်။ Raymond Murphy ရဲ့ English Grammar in Use ဟာ ၁၉၈၅ ကတည်းက ထုတ်ဝေခဲ့ပြီး၊ ကမ္ဘာမှာ အရောင်းရဆုံး အင်္ဂလိပ်သဒ္ဒါ စာအုပ်လို့ အသိအမှတ်ပြုခံရပါတယ်။ ယခုဆိုရင် ပဉ္စမမြောက် အကြိမ် ဖြစ်ပါပြီ။

ဖွဲ့စည်းပုံက Essential အုပ်နဲ့ တူပါတယ် — ဘယ်ဘက် ရှင်းလင်းချက်၊ ညာဘက် လေ့ကျင့်ခန်း။ ကွာခြားချက်က နက်ရှိုင်းမှုပါ။ ဒီမှာ present perfect နဲ့ past simple ကွာခြားချက်၊ conditional အမျိုးအစားတွေ၊ reported speech၊ passive voice၊ relative clause စတဲ့ အလယ်အလတ် အဆင့်မှာ တကယ် ရှုပ်ထွေးတဲ့ အပိုင်းတွေကို တစ်ခုချင်း ဖြေရှင်းပေးထားပါတယ်။
IELTS ဒါမှမဟုတ် TOEFL ဖြေမယ့်သူတွေအတွက် ဒီစာအုပ်ဟာ မဖြစ်မနေ လိုအပ်တဲ့ အခြေခံပါ။ Writing မှာ အမှတ်ကျရတဲ့ အကြောင်းရင်း အများစုက ဝေါဟာရ မလုံလောက်လို့ မဟုတ်ဘဲ ဝါကျဖွဲ့စည်းပုံ မှားလို့ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲက သင်ခန်းစာတွေကို တစ်ကြိမ် သေချာ လုပ်ပြီးသွားရင် အဲဒီအမှားတွေ သိသိသာသာ လျော့သွားပါလိမ့်မယ်။

အခန်း တစ်ရာကျော် ပါဝင်ပေမယ့် အားလုံးကို အစီအစဉ်လိုက် လုပ်ဖို့ မလိုပါဘူး။ ကိုယ်အားနည်းတဲ့ အပိုင်းကို ရှာပြီး အဲဒီအခန်းတွေကို ထပ်ခါထပ်ခါ လုပ်တာက ပိုထိရောက်ပါတယ်။ စာအုပ်ကို အစကနေအဆုံး တစ်ခါတည်း ဖတ်ပစ်ဖို့ မဟုတ်ဘဲ နှစ်ချီပြီး ဘေးမှာ ထားရမယ့် စာအုပ်မျိုးပါ။
နောက်ဆုံးအနေနဲ့ အကြံပြုချင်တာက လေ့ကျင့်ခန်းတွေကို စာအုပ်ပေါ်မှာ တိုက်ရိုက် မရေးဖို့ပါ။ သီးသန့် စာအုပ်တစ်အုပ်မှာ ရေးထားပြီး နှစ်ပတ်လောက် ကြာမှ တစ်ခေါက် ပြန်ဖြေကြည့်ပါ။ ပထမအကြိမ် မှန်တာနဲ့ ဒုတိယအကြိမ် မှန်တာ မတူပါဘူး — ဒုတိယအကြိမ် မှန်မှ တကယ် သိသွားတာပါ။ ဒီနည်းလမ်းက စာအုပ်တစ်အုပ်ကို နှစ်ခါ၊ သုံးခါ သုံးနိုင်စေပါတယ်။
Junction City စတုတ္ထထပ် · 09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀