ဂျပန် ရိုးရာပုံပြင်တွေမှာ ကြောင်တစ်ကောင်ဟာ နှစ်ပေါင်းများစွာ အသက်ရှည်လာရင် အမြီးနှစ်ခွ ခွဲထွက်ပြီး လူအသွင်ပြောင်းနိုင်တဲ့ nekomata ဆိုတဲ့ yokai ဖြစ်လာတယ်လို့ ယုံကြည်ကြပါတယ်။ Yugata Tanabe ရဲ့ The Splendid Work of a Monster Maid ဟာ အဲဒီ ဒဏ္ဍာရီကို အခြေခံပြီး နွေးထွေးတဲ့ fantasy ဟာသအဖြစ် ဖန်တီးထားတဲ့ manga စီးရီးဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေထားပြီး ဒီစာအုပ်က ဇာတ်လမ်း စတင်တဲ့ အတွဲ ၁ ပါ။

ဇာတ်လမ်းက ပုံပြင်တစ်ပုဒ်လို စပါတယ်။ တစ်ခါက အဘွားအိုတစ်ယောက်ဟာ ကြောင်မည်းလေးတစ်ကောင်ကို သားသမီးလို ချစ်ခင်ပြုစုရင်း တစ်ယောက်တည်း နေထိုင်ခဲ့ပါတယ်။ နှစ်တွေ ကြာလာတော့ ကြောင်လေးဟာ လူအသွင် ပြောင်းနိုင်တဲ့ စွမ်းအားကို ရလာပြီး “သခင်မ၊ ကျွန်မ လူဖြစ်လာပြီ၊ အခုတော့ ကျေးဇူးဆပ်နိုင်ပြီ” လို့ ဝမ်းသာအားရ ပြေးပြောပါတယ်။ ဒါပေမယ့် သူမ နောက်ကျသွားခဲ့ပါပြီ။ ကျေးဇူးရှင်ကို ပြုစုခွင့် မရလိုက်တဲ့ nekomata မလေး Sumire ဟာ ကိုယ်နေစရာ နေရာတစ်ခုကို ရှာရင်း နတ်ဆိုးတွေရဲ့ နယ်ပယ် Demon Realm ထဲ လှည့်လည်ရပါတော့တယ်။
အဲဒီမှာ Sumire ဟာ အိမ်ဖော်တစ်ယောက်အဖြစ် အလုပ်ဝင်ပြီး ချက်ပြုတ်တာ၊ သန့်ရှင်းရေးလုပ်တာ၊ အဝတ်ပြင်တာကအစ အိမ်မှုကိစ္စ မှန်သမျှကို ကျွမ်းကျင်စွာ လုပ်ကိုင်ပါတယ်။ သူမရဲ့ အားအကောင်းဆုံး လက်နက်က တိုက်ခိုက်ရေး စွမ်းအားထက် အိမ်ထောင်ထိန်းသိမ်းမှု အတတ်နဲ့ သူတစ်ပါးကို ဂရုစိုက်တတ်တဲ့ စိတ်ပါပဲ။ ထူးဆန်းတဲ့ သတ္တဝါတွေ၊ စိတ်ကောက်တတ်တဲ့ သခင်တွေရဲ့ ပြဿနာတွေကို လက်ဖက်ရည်တစ်ခွက်၊ ဟင်းတစ်ခွက်၊ သေသပ်တဲ့ အလုပ်တစ်ခုနဲ့ ဖြေရှင်းပေးသွားတာက ဒီစီးရီးရဲ့ ပျော်စရာပါ။

Tanabe ရဲ့ ပန်းချီက ရှေးဟောင်း ပုံပြင်စာအုပ်လို အလှဆင် အသေးစိတ်တွေ ပြည့်နေပြီး Sumire ရဲ့ အိမ်ဖော်ဝတ်စုံ၊ ကြောင်နားရွက်နဲ့ အမြီးနှစ်ခွက ချစ်စရာကောင်းပါတယ်။ အစပိုင်းက ဝမ်းနည်းစရာလေး ဖြစ်ပေမယ့် စီးရီးတစ်ခုလုံးရဲ့ လေသံက ပေါ့ပါး နွေးထွေးပြီး ကြောက်စရာ၊ ရက်စက်တာ မပါသလောက်ပါပဲ။ တိုက်ပွဲကြီးတွေ၊ ရှုပ်ထွေးတဲ့ ဇာတ်ကွက်တွေ မျှော်လင့်သူအတွက်တော့ အေးဆေးလွန်းနိုင်ပေမယ့် စိတ်အနားယူဖို့ ဖတ်တဲ့ manga အဖြစ်ကတော့ အံကိုက်ပါ။ အသက်အရွယ်မရွေး ဖတ်နိုင်ပါတယ်။
The Ancient Magus’ Bride ရဲ့ ဒဏ္ဍာရီဆန်တဲ့ ကမ္ဘာ၊ Miss Kobayashi’s Dragon Maid ရဲ့ လူမဟုတ်တဲ့ အိမ်ဖော် ဟာသ၊ Natsume’s Book of Friends ရဲ့ yokai တွေနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးတွေကို ကြိုက်ခဲ့ရင် ဒီစီးရီးကိုလည်း သင် သဘောကျပါလိမ့်မယ်။ ကြောင်ချစ်သူတွေအတွက်ဆိုရင်တော့ ပထမဆုံး စာမျက်နှာအနည်းငယ်နဲ့တင် ကိုယ့်အိမ်က ကြောင်လေးကို သွားဖက်ချင်စိတ် ပေါက်လာမှာ သေချာပါတယ်။
Junction City စတုတ္ထထပ် · 09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀