If You Could See the Sun နဲ့ လူသိများလာခဲ့တဲ့ တရုတ်-ဩစတြေးလျ စာရေးဆရာမ Ann Liang ရဲ့ This Time It’s Real ဟာ C-drama ကြည့်ရသလို ချိုမြိန်ပြီး ရင်ခုန်စရာကောင်းတဲ့ YA romance တစ်ပုဒ်ပါ။ fake dating လို့ခေါ်တဲ့ “ချစ်သူအတု လုပ်ရင်း တကယ်ချစ်မိသွားတဲ့” ဇာတ်ကွက်ကို ကြိုက်သူတွေကြားမှာ အထူးရေပန်းစားပြီး ဘေဂျင်းမြို့ကို နောက်ခံထားတာကြောင့် အာရှစာဖတ်သူတွေအတွက် ပိုရင်းနှီးစေပါတယ်။

ဆယ့်ခုနစ်နှစ်အရွယ် Eliza Lin ဟာ မိဘတွေရဲ့ အလုပ်ကြောင့် နိုင်ငံတစ်ခုပြီးတစ်ခု ပြောင်းရွှေ့နေခဲ့ရသူပါ။ အခုတော့ ဘေဂျင်းက အပြည်ပြည်ဆိုင်ရာကျောင်းမှာ တက်နေပေမယ့် ထပ်ပြီး ခွဲခွာရမှာစိုးလို့ ဘယ်သူနဲ့မှ မရင်းနှီးအောင် နေထားပါတယ်။ စာရေးတာကတော့ သူမရဲ့ တစ်ခုတည်းသော အားကိုးရာပါ။ ကျောင်းအတွက် ရေးလိုက်တဲ့ ကိုယ်တွေ့အက်ဆေးထဲမှာ တကယ်မရှိတဲ့ ချစ်သူတစ်ယောက်နဲ့ အချစ်ဇာတ်လမ်းကို လုပ်ကြံရေးမိတာကနေ ပြဿနာ စပါတယ်။
အဲဒီအက်ဆေးက အင်တာနက်ပေါ်မှာ ပျံ့နှံ့ကျော်ကြားသွားပြီး စာရေးသူ ဖြစ်ချင်တဲ့ Eliza အတွက် အိပ်မက်လို အခွင့်အလမ်းတွေ ရောက်လာပါတယ်။ တစ်ခုတည်းသော ပြဿနာက လူတွေက သူမရဲ့ ချစ်သူကို မြင်ချင်နေကြတာပါ။ ဒါနဲ့ပဲ အတန်းဖော်လည်းဖြစ်၊ နာမည်ကျော် သရုပ်ဆောင်လည်းဖြစ်တဲ့ Caz Song ကို ချစ်သူအတု လုပ်ပေးဖို့ စာချုပ်ဆန်ဆန် ကမ်းလှမ်းလိုက်ပါတယ်။ စည်းကမ်းတွေ ချထားပေမယ့် နှလုံးသားကတော့ စည်းကမ်းကို မလိုက်နာတတ်ပါဘူး။

Liang ရဲ့ အရေးအသားက ပေါ့ပါးပြီး ဟာသပါသလို အိမ်လို့ ခေါ်စရာ နေရာမရှိဘဲ ကြီးပြင်းရတဲ့ ကလေးတစ်ယောက်ရဲ့ အထီးကျန်မှု၊ လူတွေကို အနားကပ်မခံရဲတဲ့ အကြောက်တရားကိုလည်း နူးညံ့စွာ ထည့်ရေးထားပါတယ်။ ဘေဂျင်းရဲ့ လမ်းဘေးအစားအစာတွေ၊ ရုပ်ရှင်ရိုက်ကွင်းတွေက ဇာတ်လမ်းကို အသက်ဝင်စေပါတယ်။ အချစ်ခန်းတွေက သန့်ရှင်းပြီး ဆယ်ကျော်သက်တွေ စိတ်ချလက်ချ ဖတ်နိုင်တဲ့ အဆင့်ပါ။
To All the Boys I’ve Loved Before၊ Better Than the Movies နဲ့ Ann Liang ရဲ့ I Hope This Doesn’t Find You တို့ကို ကြိုက်ခဲ့သူ၊ တရုတ်နဲ့ ကိုရီးယား romance ဒရာမာတွေ ကြည့်ရတာ နှစ်သက်သူဆိုရင် သင့်အတွက် ဒီစာအုပ်က တစ်ထိုင်တည်း ဖတ်ပြီးသွားမယ့် စာအုပ်မျိုးပါ။ English အရေးအသား လွယ်ကူလို့ ဝတ္ထုဖတ်ခါစ လူငယ်တွေအတွက်လည်း လက်ဆောင်ပေးဖို့ ကောင်းပါတယ်။
Junction City စတုတ္ထထပ် · 09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀