The Road နဲ့ Pulitzer ဆုရခဲ့ပြီး No Country for Old Men ရဲ့ စာရေးဆရာ Cormac McCarthy ရဲ့ ၁၉၈၅ ဝတ္ထု Blood Meridian ကို ဝေဖန်ရေးဆရာ အများအပြားက သူ့ရဲ့ အကြီးမြတ်ဆုံး လက်ရာ၊ ၂၀ ရာစု အမေရိကန် စာပေရဲ့ ထိပ်ဆုံး ဝတ္ထုတွေထဲက တစ်အုပ်လို့ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် ရက်စက်မှုကို ဘာမှ မဖုံးကွယ်ဘဲ ရေးထားလို့ ဖတ်ရအခက်ဆုံး ဂန္ထဝင်တွေထဲမှာလည်း ပါပါတယ်။

၁၈၄၀ ပြည့်နှစ်တွေ နှောင်းပိုင်း၊ Tennessee က ဆယ့်လေးနှစ်အရွယ် ကောင်လေးတစ်ယောက် — နာမည်မရှိဘဲ “the kid” လို့ပဲ ခေါ်ခံရသူ — အိမ်က ထွက်ပြေးပြီး Texas နဲ့ Mexico နယ်စပ်ဆီ ရောက်သွားပါတယ်။ အကြမ်းဖက်မှုကြား လှည့်လည်ရင်း သူဟာ Mexico အစိုးရ ဆုငွေအတွက် ဌာနေ တိုင်းရင်းသားတွေရဲ့ ဦးရေပြားကို ခွာယူတဲ့ Glanton ဂိုဏ်းထဲ ဝင်ရောက်သွားပါတယ်။ ဒီဂိုဏ်းဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ အဖွဲ့ကို အခြေခံထားတာပါ။
ဂိုဏ်းထဲမှာ အထင်ရှားဆုံး ပုဂ္ဂိုလ်က Judge Holden ပါ — ကြီးမားတဲ့ ခန္ဓာကိုယ်၊ ဆံပင်တစ်ပင်မှ မရှိ၊ ဘာသာစကား များစွာ ပြောတတ်၊ သိပ္ပံ၊ ဥပဒေ၊ ဒဿန အားလုံး နားလည်ပြီး ကခုန်တတ်၊ တယော ထိုးတတ်သလို ရက်စက်မှုကို ပျော်မွေ့သူပါ။ စစ်ပွဲဟာ လူသားရဲ့ အမြင့်ဆုံး ဂိမ်း ဖြစ်တယ်ဆိုတဲ့ သူ့ရဲ့ ဒဿနက ဝတ္ထုတစ်ခုလုံးကို အရိပ်မည်းလို ဖုံးအုပ်ထားပြီး the kid ရဲ့ ကံကြမ္မာနဲ့ ခြောက်ခြားဖွယ် ချိတ်ဆက်သွားပါတယ်။

ဒီစာအုပ်ကို အရွယ်ရောက်ပြီးသူတွေအတွက်သာ အကြံပြုပါတယ် (18+)။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ဦးရေပြားခွာခြင်း၊ ကလေးနဲ့ တိရစ္ဆာန်တွေအပေါ် ရက်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ညွှန်းဆိုချက်တွေ စာမျက်နှာတိုင်းလောက်မှာ ပါဝင်ပြီး အလွန် ပြင်းထန်ပါတယ်။ McCarthy ဟာ quotation mark မသုံးဘဲ ကျမ်းစာဆန်တဲ့ ရှည်လျားသော စာကြောင်းတွေ၊ ရှေးဟောင်း ဝေါဟာရတွေ၊ ဘာသာမပြန်ထားတဲ့ စပိန်စကားတွေနဲ့ ရေးထားလို့ English အဆင့်မြင့်မှ ဖတ်နိုင်ပါတယ်။
The Road၊ No Country for Old Men၊ Moby-Dick လို လူ့သဘာဝရဲ့ အမှောင်ဘက်ကို ထိုးဖောက်တဲ့ ဂန္ထဝင်တွေ ကြိုက်သူ၊ Western ရုပ်ရှင်တွေရဲ့ နောက်ကွယ်က တကယ့်သမိုင်းကို သိချင်သူ၊ ခက်ခဲတဲ့ စာပေကို စိန်ခေါ်မှုအဖြစ် ရင်ဆိုင်ချင်သူတွေအတွက် ဒီစာအုပ်ဟာ သင့်ကို တုန်လှုပ်စေပြီး နှစ်ပေါင်းများစွာ စွဲနေစေမယ့် လက်ရာပါ။
Junction City စတုတ္ထထပ် · 09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀